ရုရှားနိုင်ငံတွင် ထရော်လာ ငါးဖမ်းသင်္ဘောတစ်စီး နစ်မြုပ်ရာ အနည်းဆုံး လူ(၅၄)ဦး သေဆုံးကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရုရှား အရှေ့ဘက်ကမ်းလွန်ရှိ ရာသီဥတု အလွန်အေးခဲနေသည့် ကမ်ချတ်ကာ ရေလက်ကြားတွင် သင်္ဘောနစ်မြုပ်ရာ၌ လူ(၆၃)ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။ သေဆုံးသူ အများစုသည် ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းသွားသည့် အခြေအနေကြောင့် အသက်ဆုံးရှုံးရခြင်းဟု ကယ်ဆယ်ရေး အဖွဲ့များက ပြောကြားခဲ့သည်။
အအေးခန်း တပ်ဆင်ထားသည့် ဒယ်လ်နီး ဗော့စတော့ခ် ငါးဖမ်းသင်္ဘောသည် ဧပြီ ၂ ရက်၊ နံနက်အစောပိုင်း နစ်မြုပ်ချိန်တွင် လူပေါင်း (၁၃၂)ဦးကို တင်ဆောင် ခုတ်မောင်းနေခဲ့ကြောင်း သိရှိရသည်။ ငါးဖမ်းသင်္ဘောပေါ် ပါလာသူ (၇၈)ဦးမှ ရုရှားနိုင်ငံသားများ ဖြစ်ကြပြီး လတ်ဗီးယား၊ ယူကရိန်း၊ မြန်မာနှင့် ဗာနူအာတာ နိုင်ငံသားများလည်း ပါဝင်သည်။
သင်္ဘော နစ်မြုပ်ရခြင်းမှာ ပင်လယ်ထဲ မျောပါလာသည့် ရေခဲတုံး တစ်တုံးက ဝင်တိုက်မိသဖြင့် သင်္ဘောဝမ်းဗိုက် ကွဲသွား၍ ဖြစ်နိုင်ကြောင်း ရုရှား အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ သင်္ဘောသည် ဖြစ်ရပ်ဆိုး မကြုံမီတွင် အရေးပေါ် အခြေအနေ သတင်းပေးပို့မှု မရှိခဲ့ကြောင်းလည်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
လတ်တလောတွင် သင်္ဘောသား (၁၅)ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး အပူချိန် သုညမှတ်သာရှိသည့် ရေပြင်တွင် ၎င်းတို့ အသက်ရှင်ရန် မျှော်လင့်ချက် မရှိသလောက် ဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ရေး ကဏ္ဍတွင် သင်္ဘော နှစ်ဒါဇင်ခန့်နှင့် ရဟတ်ယာဉ် တစ်စီးတို့က ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း သတင်းရရှိသည်။
Ref: BBC

No comments:
Post a Comment