တောင်ကိုရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ တနှစ်က လူ ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ သင်္ဘောနစ်မြုပ်မှုကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသမားတွေနဲ့ ရဲအဖွဲ့တို့ ဧပြီ ၁၈ ရက်နေ့က သမ္မတ အိမ်တော်အနီး ထိပ်တိုက်တွေ့ကြပါတယ်။
ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေက သမတ အိမ်တော်ဆီကို ချီတက်ဖို့ ကြိုးစားတာကို ရဲအဖွဲ့က တားဆီးရင် ဆန္ဒပြသမား ၁၀၀ လောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဆိုးလ်မြို့ ရဲဌာနက ပြောပါတယ်။
ဆန္ဒပြပွဲကို သဘောင်္နစ်မြုပ်မှုအတွင်း သေဆုံးသွားတဲ့ မိသားစုတွေရဲ့ ကိုယ်စား ဖွဲ့စည်းထားတဲ့ အဖွဲ့က စီစဉ်တာဖြစ်ပြီး သင်္ဘောနစ်မြုပ်ခြင်း တနှစ်ပြည့်ကာလမှာ ပြုလုပ်နေတဲ့ ဆန္ဒပြပွဲတွေအတွင်း အကြီးဆုံးဖြစ်ပါတယ်။
ရဲနဲ့ ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့မှု ဖြစ်ပြီး ဆန္ဒပြသမား ၉ ဦးနဲ့ ရဲ ၃ ဦးကို ဆေးရုံတင်လိုက်ရတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
ဆန္ဒပြပွဲဟာ နေ့လယ်ပိုင်းမှာ စတင်ခဲ့ပြီး သင်္ဘောနစ်မြုပ်တဲ့ အကြောင်းရင်းကို လွတ်လပ်တဲ့ စုံစမ်းမှု ပြုလုပ်ဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။
မနှစ် ဧပြီလ ၁၆ ရက်နေ့က သင်္ဘောနစ်မြုပ်မှုအတွင်း လူပေါင်း ၃၀၄ ယောက် သေဆုံးခဲ့ပြီး ၂၅၀ က လေ့လာရေး ခရီးထွက်နေတဲ့ ကျောင်းသားတွေဖြစ်ပါတယ်။
ရေအောက်နစ်မြုပ်နေတဲ့ သင်္ဘောကိုယ်ထည်ကို ပြန်ဆယ်ယူဖို့ မိသားစုတွေက တောင်းဆိုနေပြီး သမ္မတ ပါ့ခ်ဂွန်ဟေးကလည်း ဆယ်ယူပေးမယ်လို့ လက်တင် အမေရိက နိုင်ငံတွေကို နိုင်ငံတော် ခရီးစဉ် မထွက်ခွာခင်မှာ ကတိပြုခဲ့ပါတယ်။



No comments:
Post a Comment