Friday, May 1, 2015

နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောများ ရန်ကုန်မြစ်ဝသို့ ပိုမိုဝင်ထွက်နိုင်တော့မည်


ရန်ကုန်မြစ်ဝအနီးရှိ မြစ်သုံးစင်းဆုံရာ (MonkeyPoint)နေရာတွင် သောင်တူးဖော်ရှင်းလင်းမှုများ ပြုလုပ်ခဲ့သောကြောင့် ယခုမေလမှစ၍ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောများ ယခင်ထက်ပိုမိုဝင်ရောက်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်မြစ်ဝတွင် သောင် တူးဖော်ဆယ်ယူမှုများ ပြုလုပ်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Starhigh Asia Pacific Pte.,Ltd တို့ပူးပေါင်း၍ မတ်လ ၃၀ မှ ဧပြီ ၁၀ ရက်အထိ လုပ်ဆောင်ခဲ့ ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ အင်ဂျင်နီယာချုပ် ဦးမြသန်း ကပြောသည်။

‘‘အဓိကကတော့ ရန်ကုန် ဆိပ်ကမ်းအ၀င်နေရာလည်းဖြစ် တယ်။ ပွင့်လင်းရာသီမှာ နုန်းကျ မှုများတဲ့အတွက် အဲဒီနေရာကို အဓိကတူးတာ။ စက်ကြီးတွေနဲ့ တူးတော့ အချိန်တိုလေးအတွင်း မှာလည်း ရေစူးနက်သွားတယ်’’ ဟု ၎င်းကပြောသည်။
၂၀၁၃ စက်တင်ဘာတွင် ရပ်နားထားခဲ့သော  ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများ အဆင့်မြှင့်တင်ခြင်း များကို  ယခုလမှစ၍ ပြန်လည်အကောင်အထည်ဖော်နေခြင်း ကြောင့်   ရန်ကုန်မြစ်ဝကို နိုင်ငံတကာကုန်တင်သင်္ဘောများ ပိုမိုဝင်ထွက်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က   ထုတ်ပြန်ထား သည်။

ရန်ကုန်မြစ်အတွင်း သောင် တူးဖော်ရာတွင် ရေလမ်းကြောင်း များနှင့် ဆိပ်ကမ်းများ၌ အနည် ကျမှုကြောင့် ဖြစ်ပေါ်လာသော နုန်းနှင့်အမှိုက်သရိုက် အပျက်အ စီးများ ဖယ်ရှားခဲ့ပြီး Monkey  Point ရေလမ်းကြောင်းအနက်ကို ၃ ဒသမ ၅ မီတာမှ ၅ မီတာအထိ ၁ ဒသမ ၅ မီတာနက်အောင် တိုး ချဲ့နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
‘‘ဆိပ်ကမ်းမှာ နိုင်ငံတကာ ကုန်သင်္ဘောတွေ ပိုမိုဝင်ထွက် သွားလာနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတွင်းစီးပွားရေး တိုးတက်မှု နှုန်းကို မြင့်တက်စေပြီး ဒီစီမံကိန်း က နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူဖြစ် စေမှာပါ’’ဟု Starhigh Asia Pacific Pte.,Ltd ၏ အထွေထွေ မန်နေဂျာ ဦးဘုန်းခိုင်ရွှေကပြော သည်။
ယခင်က ရန်ကုန်မြစ်သည် အလွန်တိမ်သောကြောင့်သင်္ဘော များအနေဖြင့် ဒီရေတက်ချိန်မှသာ ၀င်ထွက်သွားလာနိုင်ခဲ့ပြီး ယခုမူ  ရေတက်ချိန်အတွက် အချိန်ကြာ မြင့်စွာ စောင့်ရန်မလိုဘဲ သင်္ဘော များသွားလာသည့် ဆိပ်ကမ်းအနီး ရေကြောင်းသွားလာမှု လမ်း ကြောင်းပိတ်ဆို့မှု လျှော့ချပေး မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
  နိုင်ငံတကာက ကုန်တင် သင်္ဘောကြီးတွေ ၀င်တဲ့အခါ သောင်တွေ၊အမှိုက်တွေရှိနေတဲ့ အတွက် ရေတိမ်ပြီး သင်္ဘောဝင် မရတာမျိုးတွေဖြစ်တတ်ပါတယ်။ သောင်တွေမှာရှိနေတဲ့ အမှိုက် တွေကိုပါ ရှင်းလင်းတာကြောင့် ရေကြောင်းသင်္ဘောပိတ်ဆို့မှုတွေ ပန်ကာဒလက်ထဲကို အမှိုက်ဝင် လို့ သင်္ဘောပျက်တာမျိုးတွေတော့ လျော့နည်းသွားမှာပါ’’ဟု ပြည် တွင်း ရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

No comments:

Post a Comment