Sunday, May 10, 2015

အင်ဒိုနီးရှားမှာ လူကုန်ကူးခံရတဲ့သူအချို့ ပြန်လည်လွတ်မြောက်လာ

အင်ဒိုနီးရှားနိုင်ငံအန်ဘွန်ကျွန်း၊ တူရယ်ကျွန်း၊ ဒိုဘိုကျွန်းနဲ့ ဘင်ဂျီနာကျွန်းတွေမှာ လူကုန်ကူးခံနေရတဲ့ မြန်မာလုပ်သားတွေကို AP သတင်းဌာနကဖော်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့၊ International Organization for Migration – IOMနဲ့ UNICEF တို့ပူးပေါင်းပြီး မြန်မာလုပ်သား ၅၃၅ ဦးကိုကယ်တင်ခဲ့ရာ ပထမအသုတ်အဖြစ် လုပ်သား ၁၃ ဦး မြန်မာနိုင်ငံကို မေလ ၉ ရက်နေ့က ရောက်လာခဲ့ပါတယ်။


အင်ဒိုနီးရှားနိုင်ငံဂျကာတာပြုစုစောင့်ရှောက်ရေးဂေဟာကနေ ရောက်ရှိလာတဲ့ မြန်မာလုပ်သားတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယာယီလက်ခံစောင့်ရှောက်ထားပြီး နေရပ်ပြန်ပို့ပေးတာတွေ အလုပ်အကိုင်ရှာဖွေပေးတာတွေလုပ်ပေးဖို့ စီစဉ်ထားတယ်လို့ ဒေါ်ယုယုဆွေကဆိုပါတယ်။ နိုင်ငံသားမှတ်ပုံတင်မရှိရင်လည်း လုပ်ပေးဖို့ရှိပြီး သံရုံးနဲ့ IOM အစီအစဉ်နဲ့ ပြန်လာဖို့ကျန်ရှိနေတဲ့အလုပ်သမားတွေ တစ်ကြိမ်ကို ၁၂၀ ယောက်လက်ခံနိုင်ဖို့ လူမှုဝန်ကြီးဌာနအနေနဲ့ လိုအပ်တာတွေ အဆင့်သင့်ပြင်ထားတယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့သုံးလလောက်က AP သတင်းဌာနသတင်းထောက်ရဲ့ အသိပေးမှုနဲ့ သားဖြစ်သူ ဝင်းကိုနိုင်တစ်ယောက် လူကုန်ကူးခံနေရာကနေ အိမ်ပြန်ရောက်မှာသိလို့ လာစောင့်နေတဲ့ မြောက်ဒဂုံကဦးငွေစံကတော့ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ပျောက်သွားတဲ့သားကို သေတွင်းထဲကနေပြန်ရတာမျိုးဖြစ်လို့ အရမ်းဝမ်းသာတယ်လို့ ပြောပါတယ်။
ပြန်လမ်းလည်းမရှိထွက်ပြေးလို့လည်းမရဘဲ ဖြစ်သလိုနေဖြစ်သလိုစားဘဝနဲ့ အနှိပ်စက်ခံဘဝကနေ ပြန်ရောက်လာတဲ့ဦးအောင်နိုင်တစ်ယောက် ငါးဖမ်းစက်လှေပေါ်မှာ ၂၄ နာရီအလုပ်လုပ်ရပြီး မလုပ်ရင် ရေထဲပစ်ချတာ၊ တုတ်နဲ့ရိုက်တာတွေ ကိုယ်တိုင်ကြုံတွေ့လာရတယ်လို့ ပြောပါတယ်။ ထားရာနေစေရာသွားပြီး သူများနိုင်ငံမှာ မျက်ရည်နဲ့မျက်ခွက်၊ ထမင်းစားကျွန်ခံရာကနေ ကိုယ့်နိုင်ငံကိုယ့်မြေပြန်ရောက်လာလို့ ဝမ်းသာရတယ်လို့ပြောပါတယ်။
 

No comments: