Sunday, May 3, 2015

မြန်မာ့ပင်လယ်ရေကြောင်းအဖွဲ့ချုပ်မှ ရေကြောင်းအလုပ်သမားဆိုင်ရာ သဘောတူညီချက် ၂၀၀၆ ကို လက်မှတ်အမြန်ဆုံး ရေးထိုးနိုင်ရန် အစိုးရကို တိုက်တွန်းခဲ့

မြန်မာ့ရေကြောင်းလောကအတွက် အလွန် အရေးပါသော ရေကြောင်းအလုပ်သမားဆိုင်ရာ
သဘောတူညီချက် (Maritime Labour Convention - MLC 2006) ကို နိုင်ငံတော်မှ
အမြန်ဆုံး လက်မှတ်ထိုးပေးစေရန်အတွက် တိုက်တွန်းချက်ပါသော စာလွှာများကို
မြန်မာ့ပင်လယ်ရေကြောင်းအလုပ်သမားများ အဖွဲ့ ချုပ် (MMWF) မှသက်ဆိုင်ရာအစိုးရဌာန
အသီးသီးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

"DMA မှာအစည်းအဝေးလုပ်တဲ့ အချိန်မှာကတည်းက တိုက်တွန်းခဲ့တာ။ ကျန်တဲ့သင်္ဘောသား
အကူညီပေးရေးအဖွဲ့တွေပါတယ်။ ကျွန်တော်တို့ပါတယ်။ မြန်မာ့ကြယ်ငါးပွင့်ပါတယ်။
အဲဒီတုန်းက ရေကြောင်းဦးစီးဌာနကလည်း ဒါကို အထက်ကိုတိုက်တွန်းသွားဖို့ရှိတယ်
ပြောတယ်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာကတည်းက အချိန်စောင့်ကြည့်နေတာအတော်
ကြာသွားပြီ။ အခုထိမထိုးသေးလို့ ခုလိုထပ်မံတိုက်တွန်းရတာဖြစ်ပါတယ်"ဟု မြန်မာ့ပင်လယ်
ရေကြောင်းအလုပ်သမားများအဖွဲ့ချုပ် (MMWF) မှ ဒုတိယအထွေထွေအတွင်းရေးမှူး
ဦးရဲဝင်းထွန်း ကပြောသည်။
MLC 2006 မှာ နိုင်ငံတကာ အလုပ်သမား ရေးရာအဖွဲ့ချုပ် (ILO) ၏ ပြဋ္ဌာန်းချက် တခုဖြစ်ပြီး
ပင်လယ်ရေကြောင်း လုပ်ငန်းခွင် တွင် လုပ်ကိုင်လျက်ရှိသောအလုပ်သမားများ အတွက်
အလွန်အကျိုးရှိစေရုံသာမက လုပ်ငန်းရှင်နှင့် အစိုးရကိုလည်း အကျိုးရှိစေသောပြဋ္ဌာန်းချက်
ဖြစ်သည်။
MLC 2006 မှာ အလံတင်နိုင်ငံများနှင့် ဆိပ်ကမ်း အာဏာပိုင်များက ပြုလုပ်ရမည်ဖြစ်သော
ထောက်ခံချက်ပေးခြင်း၊ စစ်ဆေးခြင်း စသည့် စနစ်ကို နိုင်ငံတကာအဆင့်မီသော
စံချိန်စံညွှန်းများဖြစ်လာစေရန် သက်ရောက်မှုရှိသော နည်းလမ်းတရပ်ကိုလည်း ဖြည့်ဆည်း
အကောင်အထည်ဖော်ထားသည်။
၎င်းသည် သဘောတူညီချက် ပဋိညာဉ်ကို ပါဝင်အတည်ပြုကြသည့် နိုင်ငံများစွာ၌
ပင်လယ်ရေကြောင်းအလုပ်သမားများနှင့် သက်ဆိုင်သည့် မြင့်မားသောစံချိန်စံညွှန်းများ
ထားရှိနိုင်ရေးအတွက် အနိမ့်ဆုံးလိုအပ်ချက်များကို ပြဋ္ဌာန်းအကောင်အထည်ဖော်
ဆောင်ရွက်ထားရှိသည့်အပြင် အစိုးရများ ဘက်မှ လုပ်ငန်းနှင့်နှီးနွယ်သော အချို့သော
အခြေခံရပိုင်ခွင့်များအပေါ် ၎င်းတို့၏ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများ
လေးစားလိုက်နာမှု ရှိမရှိ သေချာစိတ်ချရစေရန် ရေကြောင်းအလုပ်သမားဆိုင်ရာ
သဘောတူညီချက် MLC 2006 မှာ မဖြစ်မနေ လိုအပ်ချက်ဖြစ်ကြောင်း မြန်မာ့ပင်လယ်
ရေကြောင်းအလုပ်သမားများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
MLC 2006 တွင် ပါဝင်သောအချက်များ အနက် ပင်လယ်ကူးသင်္ဘောသားများအတွက်
သင်္ဘောတစ်စင်းပေါ်၌ အလုပ်လုပ်ကိုင်နိုင် ရေးအတွက် အနိမ့်ဆုံး လိုအပ်ချက်များ
သတ်မှတ်ခြင်း၊ အလုပ်ခန့်ထားမှု အခြေအနေများ၊ နေထိုင်မှုအခင်းအကျင်း၊ အပန်းဖြေ
အနားယူခြင်း အစီအစဉ်များ၊ အရန်သင့် စီစဉ် ဆောင်ရွက်ထားသည့် အစီအမံများ၊
အစားအသောက်နှင့် ကျွေးမွေးပြုစုမှုများ၊ ကျန်းမာရေး အကာအကွယ်၊ ဆေးဝါးကုသမှု၊
လူမှု ဖူလုံရေးနှင့် ဘ၀လုံခြုံမှုအကာအကွယ်ပေးမှု အစီအစဉ်များအစရှိသဖြင့် သင်္ဘောသားများ
အတွက် အကျိုးရှိသော ပြဋ္ဌာန်းချက်များ ပါရှိသည်။
အဆိုပါ MLC 2006 အားလွန်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ILO အဖွဲ့ဝင်
အခြားနိုင်ငံများ ကလက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါပြဋ္ဌာန်းချက်ကို လက်မှတ်ရေးထိုးသည်ဖြစ်စေ မရေးထိုးသည် ဖြစ်စေ တူညီစွာ
လိုက်နာရမည်ဟု ပြဋ္ဌာန်းချက် တွင်ပါရှိသည်။
သို့သော်လည်း လက်မှတ် ရေးထိုးထားခြင်းမရှိပါက တရားဝင်ရသင့်သော ပင်လယ်ရေကြောင်း
အလုပ်သမားများ အခွင့်အရေးများ အတားအဆီးဖြစ်စေနိုင်သည်။
အဆိုပါပြဋ္ဌာန်းမှုသည် အလုပ်ရှင် အလုပ်သမားအစိုးရတို့၏ အကျိုးစီးပွားကို မျှတစွာ တာဝန်ယူ
လိုက်နာရမည့် အကြောင်းအရာများကို နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရသော ဆုံးရှုံးနစ်နာမှုများမှ
အခြေခံပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းလုံးရှိ ပင်လယ်ရေကြောင်းနှင့် ပတ်သက်ဆက်စပ်နေသော နိုင်ငံပေါင်း ၆၆ နိုင်ငံမှ
ထို MLC 2006 သဘောတူညီချက်ကို တရားဝင်လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။
အလုပ်ရှင်နိုင်ငံများဖြစ်သော ဂျပန်၊ ကိုရီးယားနှင့် အခြားသော အလုပ်ရှင်နိုင်ငံများမှနေ၍
၎င်းတို့ တာဝန်ယူရမည့် ကိစ္စရပ်များကို တာဝန်ယူမည်ဖြစ်ကြောင်း အားတက်ဖွယ်ရာ
လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။
အလုပ်ရှင်နိုင်ငံများမှ အဆိုပါ MLC 2006 ကို လက်မှတ်ရေးထိုးခြင်းပြုသော်လည်း
အလုပ်သမားစေလွှတ်သည့် နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် မိမိတို့ ပင်လယ်ရေကြောင်း
အလုပ်သမားများ၊ တိုင်းတစ်ပါး လူမျိုးခြားများနှင့် အခွင့်အရေးတန်းတူရရှိစေမည့်
ကိစ္စရပ်ဖြစ်သော ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက်ကို သဘောတူ လက်မှတ်
ရေးထိုးခြင်းကို အမြန်ဆုံး ပြုလုပ်သင့်ကြောင်း တိုက်တွန်းထားသည်။
"ပြဿနာတစုံတခုဖြစ်လာခဲ့ရင် ဖြေရှင်းလို့ရမယ့် နည်းလမ်းကမရှိဘူးဖြစ်နေတယ်။
တကယ်က ဒါကိုလက်မှတ်ထိုးထားရင် လုပ်ရ ကိုင်ရတာ ဂုဏ်သိက္ခာလည်း ရှိမယ်။ ငါတို့ရဲ့
ရေကြောင်းဆိုင်ရာ လုပ်ငန်း လည်ပတ်မှုတွေမှာတော့ ဒီလိုအာမခံချက်တွေ ခိုင်ခိုင်မာမာ
ရှိနေပြီဆိုတာမျိုးကို ချပြလို့ရတယ်။ ဘာကြောင့် အစိုးရအနေနဲ့ ကြန့်ကြာနေလဲ မသိဘူး။
ဒီသဘောတူညီ လက်မှတ်ထိုးပြီးပြီဆိုရင် နိုင်ငံတကာကိုလည်း ကြေညာလို့ရပြီ။ အေဂျင်စီတွေ
အနေနဲ့လည်း လုပ်ငန်းချိတ်ဆက်ရတာ လွယ်သွားမယ်။ ဒါတောင် လက်မှတ်ထိုးပြီးတာနဲ့
မပြီးသေးဘူး။ စောင့်ကြည့်ခံကာလကို ဖြတ်သန်းရဦးမယ်" ဟု ပြောသည်။
"လက်မှတ်မထိုးသေးပေမယ့်ရေကြောင်း အလုပ်သမားဆိုင်ရာ သဘောတူညီချက်ကနေယူပြီး
ကျင့်သုံးနေတာတော့ရှိတယ်။ ဒါကဘာဖြစ်လာလဲဆိုတော့ လိုရင်သုံး၊ မလိုရင် မသုံးဆိုတာမျိုး
ဖြစ်လာတယ်" ဟု မြန်မာ့ ပင်လယ်ရေကြောင်းအလုပ်သမားများ အဖွဲ့ ချုပ် အထွေထွေ
အတွင်းရေးမှူး ဦးတင်ကို ကိုသက် ကပြောသည်။
ILO Convention ဖြစ်သည့်အတွက် အမှန်တကယ် လက်မှတ်ထိုးရမည်မှာ နိုင်ငံခြားရေး
ဝန်ကြီးဌာနမှဖြစ်ပြီး လက်တွေ့ ပြည်တွင်းတွင် လုပ်ကိုင်နေသည်များကို အာမခံပေးရသည်မှာ
အလုပ်သမားရေး ၀န်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့ ဖြစ်သည့်အတွက် အဆိုပါ
ဝန်ကြီးဌာနသုံးခု ပူးပေါင်းလုပ်ဆောင်နိုင်ရန် လိုအပ်လျက်ရှိနေသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် ရေကြောင်းအလုပ်သမားဆိုင်ရာ သဘောတူညီချက်ကို
သဘောတူလက်မှတ်ရေးထိုးပြီး ဖြစ်ကာ ယခုအခါ အကောင်အထည်ဖော်မှုကို စောင့်ကြည့်ခံ
ရသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
"ကတိပေးပြီး စာချုပ်ချုပ်ပြီးတာနဲ့ မပြီးသေးဘူး။ အကောင်အထည်ဖော်ခြင်းရှိမရှိ ဆိုတာကို
ဆက်လက်စောင့်ကြည့်တာခံရမယ်။ ပြဿနာတွေကို သေချာဖြေရှင်း ပေးနိုင်ဖို့အတွက်
လက်မှတ်ထိုးလိုက်ဖို့ကတော့ လိုကိုလိုအပ်နေပါပြီ"ဟု ဦးရဲဝင်းထွန်း က ပြောသည်။



ရွှေကူသစ္စာ 



No comments: