Friday, May 15, 2015

ပါရှန်ပင်လယ်ကွေ့တွင် အီရန်သင်္ဘော များက စင်ကာပူအလံတင် သင်္ဘောကို ပစ်ခတ်မှုဖြစ်ပွား


 တီဟီရန် ၊ ၁၅-၅-၂၀၁၅
ယမန်နေ့တွင် ပါရှန် ပင်လယ်ကွေ့အတွင်း နိုင်ငံတကာ ရေပြင်၌ အီရန်သင်္ဘော ငါးစီးထက် မနည်းတို့က စင်ကာပူ အလံတင် သင်္ဘောတစ်စီးကို ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံခဲ့ ရသော သင်္ဘောမှာ ရေနံနှင့် ဓာတုပစ္စည်း သယ်ယူ ပို့ဆောင်ရေး သင်္ဘော Alpine Eternity ဖြစ်ပြီး အီရန် စစ်ဘက်က ပင်လယ်ကွေ့ ဒေသအတွင်း အသုံးပြုလေ့ ရှိသည့် လက်နက် တပ်ဆင်ထားသော စက်သင်္ဘောငယ် နှစ်စီးဖြင့် ရှေးဦးစွာ ၄င်းသင်္ဘောကို ပိတ်ဆို့ခဲ့ကာ များမကြာမီ လက်နက် တပ်ဆင်ထားသော သင်္ဘောငယ် သုံးစီး နောက်ထပ် ရောက်ရှိလာပြီး သင်္ဘောကို ရပ်တန့်ရန် အမိန့်ပေး ခဲ့ကြောင်း၊ မိမိကလည်း မရပ်တန့် ခဲ့ကြောင်း၊ ထို့နောက် သင်္ဘောကို အီရန်ဆိပ်ကမ်း ဖြစ်သော အဘူမာဆာ သို့ မောင်းခိုင်းခဲ့ကြောင်း၊ မိမိကလည်း ထပ်မံ ငြင်းဆန်ခဲ့ကြောင်း၊ ထို့နောက် ဒူဘိုင်း ရေပိုက်နက် ထဲသို့ သင်္ဘောကို မောင်းပြေး ခဲ့ကြောင်း Alpine Eternity သင်္ဘော ကပ္ပတိန်က ပြောပြသည်။
မိမိ သင်္ဘောသည် ထိုစဉ်က အီရန် ကမ်းရိုးတန်းနှင့် ၁၅ မိုင်ထက်မနည်း ကွာဝေး နေသေးကြောင်း၊ ထို့နောက် အီရန် ရေပိုက်နက် ပြင်ပ ရေမိုင်သုံးမိုင် အထိ မောင်းထွက်ခဲ့ကြောင်း၊ သို့သော် အီရန်သင်္ဘော များမှ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် ခဲ့ကြောင်း၊ သင်္ဘောတွင် ထိခိုက် ပျက်စီးခဲ့ခြင်း ရှိ၊ မရှိကို စစ်ဆေး သွားမည် ဖြစ်ကြောင်း သင်္ဘော ကပ္ပတိန် က ဆက်လက် ပြောပြသည်။
ထိုစဉ်က အမေရိကန်ရေတပ် သင်္ဘော တစ်စီးလည်း ယင်း ဧရိယာတွင် ရှိနေပြီး အီရန်သင်္ဘော များက စင်ကာပူ သင်္ဘောကို ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ကို သိရှိခဲ့ပြီး ယင်းကိစ္စကို စုံစမ်းစစ်ဆေး နေပြီ ဖြစ်ကြောင်း သိရသည်။
Iranians fire warning shots at commercial ship in Gulf:
PyiChitThar
 

No comments: