Thursday, May 14, 2015

MH370 ရှာဖွေနေသည့်အဖွဲ့ ရေအောက်တွင် နစ်မြုပ်နေသည့် သင်္ဘောပျက်တစ်စီး ရှာတွေ့

 ပင်လယ်ရေအောက်တွင် နစ်မြုပ်နေသည့် သင်္ဘောပျက် တစ်စီးကို ရှာဖွေ တွေ့ရှိခြင်းက MH370ကို ရှာတွေ့နိုင်မည်ဆိုသော မျှော်လင့်ချက်ကို ပိုမို အားကောင်းလာစေကြောင်း အဆိုပါ လေယာဉ်ပျက်ကို လိုက်လံရှာဖွေနေသည့် အဖွဲ့က ယုံကြည်လျက် ရှိသည်။
 ပြီးခဲ့သည့်နှစ်၊ မတ်လ ၈ ရက်က မလေးရှားမှ တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်းစဉ် အကြောင်းရင်း မသိရဘဲ ပျောက်ဆုံးသွားသည့် လေယာဉ်ပျက်ကို အိန္ဒိယ သမုဒ္ဒရာဘက်တွင် ဖြန့်ကျက် ရှာဖွေနေဆဲ ဖြစ်သည်။ ယခု သီတင်းပတ် အတွင်းတွင်မူ လေယာဉ်ပျက်ကို ရှာဖွေနေသည့် သင်္ဘောတစ်စီးက ရေအောက်တွင် နစ်မြုပ်နေသည့် သင်္ဘောပျက် တစ်စီးကို အမှတ်မထင် တွေ့ရှိခဲ့သည်။
အဆိုပါ အခြေအနေက လေယာဉ်ပျက်၏ နေရာကို ထောက်လှမ်းတွေ့ရှိနိုင်လောက်အောင် နည်းပညာပိုင်း လုံလောက် အဆင့်မြင့်သည်ဟု ညွှန်ပြနေကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး လျူတောင်လိုင်က ပြောကြားခဲ့သည်။

“အဓိပ္ပါယ်ကတော့ ပင်လယ်ကြမ်းပြင်အောက်မှာ ရှိနေတဲ့ အပျက်အစီး အစအနတိုင်းဟာ ဘာတွေဖြစ်နိုင်တယ် ဆိုတာကို ကျွန်တော်တို့ ဖော်ထုတ်လို့ ရပါတယ်။ Furgo Equator သင်္ဘောမှာ တပ်ဆင်ထားတဲ့ ကိရိယာတွေက အရမ်းကို အနုစိတ် အာရုံခံနိုင်တယ် ဆိုတာကို လက်တွေ့ သိလာရပါပြီ။ အခုသင်္ဘောပျက်ကို ပင်လယ်ရေအနက် မီတာ ၆၀၀၀ လောက်မှာ တွေ့ရှိခဲ့တာပါ”ဟု လျူက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
 Furgo Equatorသည် MH370ကို လိုက်လံ ရှာဖွေနေသည့် သင်္ဘောတစ်စီးဖြစ်ပြီး ခေတ်အမီဆုံး ရေအောက် ထောက်လှမ်း ရှာဖွေရေး ကိရိယာများကို တပ်ဆင်ထားသည်။ အဆိုပါ သင်္ဘောသည် ယခင်ကလည်း အိန္ဒိယ သမုဒ္ဒရာအောက် ရေအနက် ပေ ၁၃၀၀၀ ခန့်မှ သင်္ဘောပျက် တစ်ခုကို ထောက်လှမ်း တွေ့ရှိဖူးသည်။
 လတ်တလောတွင် အိန္ဒိယ သမုဒ္ဒရာ၌ နောက်ထပ် ၆၀၀၀၀ စတုရန်း ကီလိုမီတာ ကျယ်ပြန့်သည့် ဇုန်နေရာသစ်ကို သတ်မှတ်ပြီး MH370ကို လိုက်လံ ရှာဖွေနေကြောင်းလည်း သိရသည်။ အဆိုပါ လေယာဉ်သည် လူ ၂၃၉ ဦးကို တင်ဆောင်ပျံသန်းပြီး ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ ဂြိုဟ်တု ပုံရိပ်များအရ လေယာဉ်သည် နောက်ကြောင်းပြန်လှည့်ပြီး အိန္ဒိယ သမုဒ္ဒရာဘက် ပျံသန်းကာ ဩစတြေးလျနိုင်ငံ ကမ်းလွန်ပင်လယ်တွင် ပျက်ကျခဲ့သည်ဟု ယူဆရသည်။
_Ref: Freemalaysiatoday
 

No comments:

Post a Comment