တရုတ်နိုင်ငံ၊ ယန်ဇီမြစ်အတွင်း တိမ်းမှောက် နစ်မြုပ်ခဲ့သည့် သင်္ဘောကို ပြန်လည် ထောင်မတ် ဆယ်ယူခဲ့ပြီးနောက် နောက်ထပ် အလောင်းရာနှင့်ချီ ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ယခုသီတင်းပတ် အစောပိုင်းက ယန်ဇီမြစ်အတွင်း ခုတ်မောင်းနေစဉ် အားကောင်းသည့် လေဆင်နှာမောင်း တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ပက်လက်လန် တိမ်းမှောက်သွားခဲ့သည့် သင်္ဘောကို ဇွန်လ ၅ ရက်တွင် အတည့်အနေအထားသို့ ပြန်လည်ဆယ်ယူ ပြောင်းလဲနိုင်ခဲ့သည်။
ဇွန်လ ၆ ရက် နံနက်ပိုင်းတွင် တရုတ် အာဏာပိုင်များက Eastern Star သင်္ဘော၏ ကိုယ်ထည်အတွင်းပိုင်း၌ အလောင်းအများအပြား ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ အရေအတွက် ၃၃၁ ဦးထိ မြင့်တက်လာပြီဟု အတည်ပြုခဲ့သည်။ သင်္ဘောပေါ်တွင် စုစုပေါင်း လူ ၄၅၆ ဦး လိုက်ပါခဲ့ပြီး ၁၄ ဦးသာ အသက်ရှင် လွတ်မြောက်ခဲ့သည်။ လတ်တလော ပျောက်ဆုံးနေသူ ၁၀၀ ကျော်အတွက် မျှော်လင့်ချက်မှာလည်း အလွန်နည်းပါးနေပြီ ဖြစ်သည်။
ယခုဖြစ်ရပ်သည် နှစ်ပေါင်း ၆၀ ခန့်အတွင်း တရုတ်ရေကြောင်း သွားလာမှု သမိုင်းတွင် အဆိုးရွားဆုံး မတော်တဆမှု တစ်ရပ်လည်း ဖြစ်လာခဲ့သည်။ ရေငုပ်သမားများသည် ကြိုးချိတ်များနှင့် ပိုက်ကွန်များကို အသုံးပြုကာ တိမ်းမှောက်နေသည့် သင်္ဘောကို ပြန်လည် တည့်မတ်လာအောင် အပြင်းအထန် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။
သင်္ဘောတိမ်းမှောက်ရာ နေရာအနီးတွင် သေဆုံးသူများ၏ မိသားစုဝင်များ စုရုံးပြီး အစိုးရ၏ သတင်းထုတ်ပြန်မှုများ မပွင့်လင်းခြင်းကို အပြင်းအထန် ဝေဖန်လျက်ရှိရာ သမ္မတ စီကျင်းပင်က ဖြစ်ရပ်အတွက် အပြည့်အဝ စုံစမ်းရန် အမိန့်ပေးထားသည်။
အခင်းဖြစ်ရာ ပတ်ဝန်းကျင်တဝိုက်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီး မိသားစုဝင်များနှင့် သတင်းထောက်များကို ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။ ၁၉၄၈ ခုနှစ်က ရှန်ဟိုင်းတွင် SS Kiangya သင်္ဘော နစ်မြုပ်မှုနောက်ပိုင်း Eastern Star ဖြစ်ရပ်သည် တရုတ် ရေကြောင်းသွားလာမှု သမိုင်းတွင် အဆိုးဆုံး မတော်တဆမှုလည်း ဖြစ်လာသည်။ SS Kiangya သင်္ဘောနစ်မြုပ်ရာတွင် လူပေါင်း ၂၇၅၀ မှ ၄၀၀၀ ခန့်ထိ အသက်ဆုံးရှုံးကြောင်း ယူဆထားသည်။
_Ref: Xinhua

No comments:
Post a Comment