Thursday, January 19, 2017

လစာနှင့်ခံစားခွင့်ဆုံးရှုံးသည့် သင်္ဘောသားများ ITFကတဆင့် တိုင်ကြား တောင်းဆိုနိုင်


မြန်မာသင်္ဘောသားတွေအနေနဲ့ လစာ နဲ့ အကျိုးခံစားခွင့်ဆုံးရှုံးတာတွေရှိလာရင် (၂၀၀၆)ခုနှစ် ပင်လယ်ရေကြောင်းလုပ်သားဆိုင်ရာသဘောတူညီချက်စာချုပ်အရ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးအလုပ်သမားအဖွဲ့ချုပ်(ITF) ကို တိုင်ကြားတောင်းဆိုနိုင်ပြီလို့ သိရပါတယ်
။မြန်မာနိုင်ငံအနေနဲ့ စာချုပ်ကို ၂၀၁၆ က သဘောတူလက်မှတ်ရေးထိုးထားပြီး ဒီစာချုပ်ပါ အချက်အလက်တွေနဲ့ပတ်သက်လို့လည်း မြန်မာသင်္ဘောသားတွေ သိရှိနိုင်ဖို့ ဇန်န၀ါရီလ  (၁၇)ရက်ကစပြီး  Park Royal Hotel မှာ ဆွေးနွေးပွဲပြုလုပ်နေပါတယ်။
ဒီဆွေးနွေးပွဲကို (၄)ရက်ကြာ ဆွေးနွေးမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အလုပ်သမားအဖွဲ့ချုပ် (ITF) နဲ့ လွတ်လပ်သော မြန်မာနိုင်ငံ ပင်လယ်ပျော်များအဖွဲ့ချုပ်(IFOMS) တို့က ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။ ITF အနေနဲ့ နိုင်ငံပေါင်း (၅၇)နိုင်ငံမှာ သယ်ယူပို့ဆောင်ရေးအလုပ်သမားတွေအတွက် လိုအပ်တဲ့ရပိုင်ခွင့်တွေ၊ အခွင့်အလမ်းတွေနဲ့ သင်တန်းတွေ ပို့ချပေးနေတယ်လို့သိရပါတယ်။ လက်ရှိမှာလည်း မြန်မာသင်္ဘောသားတွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို လာရောက်ကူညီပေးနေတယ်လို့ ဆိုပါတယ်။
အခုဆွေးနွေးပွဲမှာတော့ ပင်လယ်ရေကြောင်းလုပ်သားဆိုင်ရာ သဘောတူညီချက် ပါစာချုပ် ထဲက လုပ်ခလစာရပိုင်ခွင့် ပြန်လည်လျှောက်ထားခြင်းနဲ့ လိုအပ်တဲ့ သင်တန်းတွေကို ပို့ချတာကြောင့် အနာဂတ်မှာ အခုထက်ပိုမို စိတ်ချတဲ့ လုပ်ငန်းခွင်ဖြစ်လာမယ်လို့ မြန်မာသင်္ဘောသားတချို့က မျှော်လင့်နေကြ ပါတယ်။

 

No comments: