Saturday, April 18, 2015

ငါးဖမ်းသင်္ဘောတွေဟာ အဖွဲ့အစည်းတွေနဲ့ တရားဝင် စာချုပ်ချုပ်ဆိုပြီး ပြေးဆွဲကြတာ မဟုတ်တဲ့အတွက် ဒီအမှုဟာ ကိုင်တွယ်ရ ခက်ခဲမယ့် သဘောရှိ


ရုရှားနိုင်ငံ အရှေ့ဖျားဒေသ ကမ်းလွန်ပင်လယ်ပြင်အတွင်း ရုရှား ငါးဖမ်းသင်္ဘော နစ်မြုပ်မှုမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ လျော်ကြေးရနိုင်ဖွယ် မရှိတဲ့ အခြေအနေဖြစ်နေပါတယ်။
ရုရှားနိုင်ငံတာဝန်ရှိသူတွေ ဘက်က တရားဝင် သဘောင်္သားတွေ မဟုတ်တာရယ်၊ တရားဝင် လာရောက်လုပ်ကိုင်တာ မဟုတ်ဘူးဆိုတဲ့ ချေပမှုတွေရယ်၊ သင်္ဘော အမျိုးအစားတွေထဲမှာ ငါးဖမ်းသင်္ဘောတွေဟာ အဖွဲ့အစည်းတွေနဲ့ တရားဝင် စာချုပ်ချုပ်ဆိုပြီး ပြေးဆွဲကြတာ မဟုတ်တဲ့အတွက် ဒီအမှုဟာ ကိုင်တွယ်ရ ခက်ခဲမယ့် သဘောရှိတယ်လို့ ပင်လယ်ပျော်အဖွဲ့ရဲ့တာဝန်ရှိသူတွေက တွက်ချက်ထားပါတယ်။
ရုရှားပိုက်ဆံတစ်သန်းလျော်ကြေးရမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ဒီလျော်ကြေး ရှရုားပိုက်ဆံ (၁)သန်းမှာ မြန်မာသင်္ဘောသားတွေ အတွက်ပါ အကျုံးဝင်မ၀င် ဆိုတာတော့ အခုအချိန်ထိ အာမခံပြောကြားလာတာ မတွေ့သေးတဲ့အပြင် တရားမ၀င်မြန်မာလုပ်သားတွေ အဖြစ် ပြောဆိုလာတာကြောင့် အစိုးရချင်း ကူညီဖြေရှင်းပေးဖို့ လိုလားမှုတွေရှိနေကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုရှားသဘာဝဘေးကယ်ဆယ်ရေးဝန်ကြီးဌာန၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွေအပြင် မြန်မာသင်္ဘောသားတွေအရေး ကူညီဆောင်ရွက်နေတဲ့ လွတ်လပ်သော မြန်မာနိုင်ငံ ပင်လယ်ပျော်များအဖွဲ့ချုပ် တာဝန်ရှိသူတွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် လုပ်ဆောင်နေပါတယ် ။ ဒီကိစ္စဟာ အေးဂျင့်တွေရဲ့ မသမာမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့အတွက် သတိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ မကြာသေးခင်က သင်္ဘောသားတွေအတွက် ကွန်ဗန်းရှင်းအသစ်ကို IDF ၊ ILO က တာဝန်ရှိသူတွေနဲ့ နိုင်ငံတော်အစိုးရတို့ရေးဆွဲဖို့ လုပ်ဆောင်နေတဲ့ အပိုင်းတွေ ရှိနေတာကြောင့် သင်္ဘောသားဟာ အလုပ်ရဖို့ ပွဲစားခပေးရတဲ့ ကိစ္စတွေ ပပျောက်စေရေး လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
ပြီးတဲ့တဲ့ ဧပြီလ(၁)ရက်က ရုရှားအရှေ့ဖျား ကမ်းလွန် Okhotsk ပင်လယ်ပြင်မှာ ရုရှားငါးဖမ်းသင်္ဘော Dalnity Vostok နစ်မြုပ်ခဲ့ပြီး အဲဒီသဘောင်္မှာ သင်္ဘောသား(၁၃၂)ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံသား(၄၂)ဦး ပါဝင်ခဲ့ပါတယ်။ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးဝက်ဘ်ဆိုက်ရဲ့ ထုတ်ပြန်ချက်အရ ပျောက်ဆုံးနေတဲ့ သင်္ဘောသား(၁၉)ဦးအနက် (၁၅)ဦးဟာ သေဆုံးသွားပြီလို့ ယူဆရကြောင်း၊ ဆန်းဝင်းလှိုင်၊ ကိုကိုမောင်၊ သက်ဆွေနဲ့ သိန်းထွန်းတို့ကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဧပြီ(၇)ရက် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အသက်ရှင်လျက်ကယ်ဆယ်ထားတဲ့ မြန်မာသင်္ဘောသား(၂၂)ဦးဟာ Sakhalin မြို့က Pacific Plaza hotel မှာရောက်ရှိနေတယ်လို့လည်း သိရပါတယ်။
 5PLUS

No comments: