Saturday, April 18, 2015

နစ်မြုပ်သွားခဲ့သည့် ရုရှားငါးဖမ်းသင်္ဘောမှ အသက်ရှင်ကျန်ရစ်သည့် မြန်မာသင်္ဘောသားများနှင့် မိသားစုဝင်များ၏ ရင်ဖွင့်သံ







မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားလောက သင်္ဘောနစ်မြုပ်မှုတွင် မြန်မာနိုင်ငံသားများ သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် ရုရှားနိုင်ငံ အရှေ့ဖျားပိုင်းOkhotsk ပင်လယ်ပြင်အတွင်း ဧပြီ ၁ ရက် ညပိုင်းက နစ်မြုပ်သွားခဲ့သည့် ရုရှားငါးဖမ်းသင်္ဘော Dalnity Vostok မှ အသက်ရှင် ကျန်ရစ်သည့် မြန်မာသင်္ဘောသားများသည် ဧပြီ ၁၂ ရက် ညပိုင်းက ရုရှားနိုင်ငံတောင်ပိုင်း စာဟာလင်မှ တောင်ကိုရီးယားနိုင်ငံ အင်ချွန်မြို့၊ အင်ချွန်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြသည်။ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာသင်္ဘောသားများနှင့် မိသားစုဝင်များအား သင်္ဘောမှောက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာ့သတင်းစဉ် သတင်းအဖွဲ့မှ တွေ့ဆုံမေးမြန်းခဲ့မှုများကို ကောက်နုတ်စုစည်း ဖော်ပြလိုက်ရပါသည်။

ဦးခင်စိုး (ကော့မှူးမြို့နယ်
ရွာတန်းရှည်ကျေးရွာ)
သင်္ဘောမှောက်တယ် ဆိုတဲသတင်း။ ကုမ္ပဏီကအကြောင်းကြား တယ်။ သင်္ဘောမှောက်ပြီး နောက် နေ့မှသိရတာ။ ရုံးရောက်တော့ မသေတဲ့ စာရင်းမှာ သားနာမည်က နောက် တစ်လုံးလွဲနေတယ်။ သားနာမည်က မောင်ဝင်းထွဋ်၊ ဟိုမှာ မောင်ဝင်းသူ ဖြစ်နေတယ်။ ဒါပေမယ့် ရုံးက အခြေအနေကောင်းနိုင်ပါတယ် ပြောတယ်။ သားအသက်က (၃၁) နှစ်ရှိပြီ။ သင်္ဘောလိုက်တာ ပထမဆုံးပါ။ ကမ်းရိုးတန်းသင်္ဘောလိုက်ပြီး နိုင်ငံခြား သင်္ဘောလိုက်တာပေါ့။ ကုမ္ပဏီက လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာအားလုံး ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။
ဦးမြတ်ကျော်ဝင်း
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်

ကျွန်တော် သင်္ဘောလိုက်ခဲ့တာ လုပ်သက် (၃၅) နှစ်ရှိပြီ၊ ဒီလိုအပြုံလိုက် သေဆုံးရတာ အများဆုံးပဲ။ မြန်မာသင်္ဘောသား ၄၂ ယောက်လုံး တင်တာလည်း ဒီသင်္ဘောမှာပဲ တွေ့ဖူးတယ်။ ကုန်သင်္ဘောတွေမှာ ၄၂ ယောက် ဆိုတာမရှိဘူး။ ဥပမာ ၂၂ ယောက် အများဆုံးပဲ။ ဒီသင်္ဘော က ရိုးရိုးသင်္ဘောမဟုတ်ဘူး။ သင်္ဘော ပေါ်မှာ စက်ရုံကြီးပါတယ်။ စက်ရုံပါ တဲ့အတွက် ဒီကလေးတွေက မြန်မာပြည်လည်း ဖုန်းဆက်ခွင့်မရဘူး။ သူထုတ်သမျှပစ္စည်းကို တခြားသင်္ဘောတွေက လာသယ်တယ်။
ကလေးတွေကလည်း လက်မှတ်အမှန်အကန်နဲ့၊ ကုမ္ပဏီကလည်း အမှန်၊ ရေကြောင်းဦးစီးဌာနကလည်း အမှန်၊ ဟိုကျမှ ဘယ်လိုကဘယ်လို စုပြီးတော့ ဒီသင်္ဘောကြီးပေါ် တင်လိုက်သလဲလိုက်စုံစမ်းပါတယ်။ ငါးဖမ်းဘုတ်ကြီးတွေမှာ လိုက်ဖို့ ဒီကလေးတွေကို သင်တန်းတွေမပေး ရသေးဘူး။ ကုန်တင်သင်္ဘော၊ ရေနံ တင်သင်္ဘောတွေမှာ လုပ်ဖို့တင်ပေး လိုက်တာ။ ကလေးတွေက လူသစ် တွေမို့ အရမ်းလိုက်ချင်တယ်။ ကြည့်လိုက်တော့ CDC နံပါတ်က ရှစ်သောင်းကျော်၊ ကိုးသောင်းကျော် တွေ။ သင်္ဘောသားလောကမှာတော့ သေဆုံးတာ အများဆုံးပဲ။ သင်္ဘော တက်မယ်ဆိုရင် ပိုက်ဆံချည်းပဲ မကြည့်ပါနဲ့၊ ကိုယ့်အသက်အန္တရာယ် ကိုကြည့်ပါလို့ ပြောချင်ပါတယ်။
ဦးကျော်မောင်
(ခိုင်ရွှေဝါ သာကေတမြို့နယ်)

ကျွန်တော့်သားသင်္ဘောလိုက်တာ ဒါပထမဆုံးပါ။ အတွေ့အကြုံလည်း မရှိသေးပါဘူး။ သင်္ဘောမှောက် တယ်ဆိုတာ သားတို့ကုမ္ပဏီက တိုက်ရိုက်အကြောင်းကြားတာ မဟုတ်ဘူး။ တခြားသတင်းကြားလို့ သိပြီး ရုံးကိုလိုက်သွားတော့ ရာဇာကျော်ဆိုလားတဲ့ မေးတဲ့အခါ ဆယ်လို့ရတဲ့အထဲမှာပါတယ်။ ဒါပေမယ့် ဘာသာပြန်တွေကနေပြီးတော့ မှားသလားတော့ မသိဘူးပေါ့။ မြန်မာသင်္ဘောသားထဲမှာ အင်္ဂလိပ် စာလုံးY နဲ့စထားတော့ ရာဇာကျော် တစ်ယောက်ပဲရှိတယ်။ ကုမ္ပဏီက ပြောတာ။ ညနေပိုင်းကျတော့ အင်တာနက်မှာ ရုရှားသံရုံးက တင်တဲ့ စာရင်းထဲမှာ ခုနှစ်သက္ကရာဇ်ကော၊ နာမည်ကော ပါလာတယ်။ အဲ့ဒီတော့ မှ သက်ပြင်းချနိုင်တော့တယ်။ ရုရှား ဟိုတယ်မှာတည်းတော့ ဖုန်းနဲ့ စကား ပြောရတယ်။ လျော်ကြေးကိစ္စက မနစ်နာအောင်လုပ်ပေးမယ်လို့ ပြောတာပဲ။ ကလေးတွေ ပြန်လာမှ ရုံးက လူကြီးတွေနဲ့ ညှိရမှာပေါ့။
ကလေးတွေကိုခေါ်တုန်းက တစ်မျိုး၊ ငါးဖမ်းရမယ်လို့မပါဘူး။ သူတို့ ပြောတာတော့ အထိုင်သင်္ဘောပေါ့။ ငါးတွေဖမ်းတဲ့သူက ဖမ်းပြီး ပို့တဲ့သူက လာပို့မယ်။ သားတို့ သင်္ဘောမှာပဲ လူပေါင်း ၃ဝဝ ကျော်တယ်။ စာဖိုမှူး တွေကအစ ရုရှားမိန်းမတွေ၊ အဲ့ဒီမှာ လုပ်ရမယ်လို့ ကုမ္ပဏီက ပြောတယ်။ သင်္ဘောပေါ်ရောက်သွားတော့ အဆက် အသွယ်မရဘူး။ နှစ်လတစ်ကြိမ် တစ်ကြိမ်အေဖိုးဆိုဒ် တစ်ဝက်သာသာ သာကြောင်းမာကြောင်း ပို့လို့ရတယ်။ ဦးတို့ဘက်က ကြိုးစားတယ်။ ကုမ္ပဏီဘက်က လုပ်မပေးဘူး။ ဖြစ်တဲ့အချိန်ထိ ဘာအဆက်အသွယ် မှ မရဘူး။ ဒီရောက်မှပဲ သားနဲ့ စကား ပြောရတယ်။ သား သင်္ဘောစတက်တဲ့ အချိန်နဲ့ သင်္ဘောနစ်မြုပ်ပြီး ပြန်ရောက်တဲ့အချိန်က ရှစ်လကျော်သွားပြီ။
သင်္ဘောတက်ပြီး နှစ်လကျော်တော့ ငါးဖမ်းသင်္ဘော ပြောင်းလိုက်တယ်။ ကုမ္ပဏီက ကလေးတွေသဘောထား လို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် မိဘ တွေကိုတော့ ပြောသင့်ပါတယ်။ ဒါပြော ရမယ့်ကိစ္စ၊ သင်္ဘောပြောင်းသွားရင် ပြောကိုပြောရမယ်။ လစာက ဒေါ်လာ ၄ဝဝ ပါ၊ ၁ဝဝ ကို ပေါ့ကတ်မန်းနီး ထားတာပါ။ သင့်တင့်လို့ ပြန်လာရင် ဒီ ၁ဝဝ ကို ပြန်ပေးပါတယ်။ (၈)လအတွင်းမှာ နှစ်လတစ်ကြိမ် ငွေ ပို့ပေးပါတယ်။
စောဝေရန် (သင်္ဘောသား)
သင်္ဘောမမှောက်ခင်မှာ သင်္ဘောက တော်တော်လေး စောင်းနေတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ အိတ်တွေဆွဲပြီး အကုန်လုံးက မျက်ရည်ဝဲနေတယ်။ အသက်ကယ် အင်္ကျီယူကြဆိုတော့ အသက်ကယ် အင်္ကျီက ဟိုးအောက်ခန်းမှာ၊ တချို့ က မသိကြဘူး။ ကျွန်တော်တို့က သိတော့ဆင်းယူတယ်။ မြန်မာတွေ အကုန်လုံးရကြတယ်။ သင်္ဘော မြုပ်တဲ့အချိန်က နာရီဝက်လောက် ကြာလို့ အဲဒီလောက်အသက်ရှင်ကြ တယ်။ ကျွန်တော်တို့လည်း အင်္ကျီ ဝတ်ချိန်ရတယ်။ အသက်ရှင်ဖို့ ရုန်း ကန်ရတာပေါ့၊ သင်္ဘောကစောင်းတဲ့ အခြေအနေက နာရီဝက်လည်း ကျော် တော့ သင်္ဘောက ဘေးကိုလဲသွား တယ်။ ဘာအချက်ပေးသံမှလည်း မရှိဘူး။ အင်ဂျင်ရော၊ မီးရော ဖြတ်လိုက်တယ်။ ကပ္ပတိန်က သူမသေခင် ကျွန်တော်တို့ အနီးအနား မှာရှိနေတဲ့ ငါးဖမ်းသင်္ဘောတွေကို ရေဒီယိုနဲ့ ခေါ်တယ်။ မြုပ်မယ့်အချိန် မှာ မီးမောင်းထိုးပြီး ရောက်လာတယ်။ အဲဒီမှာ သင်္ဘောကဖင်ပိုင်းကစပြီး တဖြည်းဖြည်းခေါင်းထောင်ပြီး နစ်မြုပ်သွားတယ်။ လိုက်ဘုတ်ပေါ် ရောက်တဲ့သူကရောက်၊ မရောက်တဲ့သူက ရေထဲမှာကူးရတယ်။ သူငယ်ချင်းတွေလည်း အကုန်ကွဲသွားတယ်။ ရေအနက်ပိုင်းလောက် ရောက်တော့ အရမ်းအေးနေတယ်။ အလှမ်းဝေးသွားရင် ရေခဲတုံးတွေ ရှိတယ်။ အပူချိန်ထိန်းတဲ့ အင်္ကျီဝတ်ထားတဲ့အတွက် ရေထဲမှာ ၃ နာရီ အထိ ခံနိုင်ရည်ရှိရှိနေနိုင်တာ၊ တချို့ ဆို သင်္ဘောပေါ်ရောက်ပြီး သေတာရှိတယ်။ အအေးလွန်ပြီး သေသွားတာ၊ ရေနစ်ပြီး သေတာနည်းတယ်။ ရေခဲ ပြီး သေကုန်တာ၊ လာကယ်တဲ့ သင်္ဘော ၂၁ စင်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ ကျွန်တော် နောက်ဆုံးရောက်တယ်။ အဲ့ဒီလောက် မသေဘူးထင်တာ၊ အပေါ်လည်း ရောက်ရော အလောင်းတွေက တက်တက်လာတယ်။ ခဲပြီးသေတာ ရှိတယ်။ တချို့ ထိခိုက်ဒဏ်ရာရ သေတယ်။ ရေနစ်သေတာ နည်းတယ်။
ကျော်ကျော် (သင်္ဘောသား)
သံရုံးက အစစအရာရာလာပြီး အကုန်လုပ်ပေးပါတယ်။ ပြန်လာတာကတော့ စာဟာလင်ကနေ ကိုရီးယား၊ ကိုရီးယားကနေ မြန်မာနိုင်ငံ ပြန်လာတာ။ ကိုရီးယားရောက် တော့လည်း မြန်မာသံရုံးက လာကြိတယ်။ ထမင်းတွေ လာကျွေးတယ်။ လိုအပ်တာအကုန် အကူအညီပေးတယ်။ အဆင်ပြေပါတယ်။ သင်္ဘောက ကုန်အပြည့်တင်လို့ မှောက်သွာတာပါ၊ ရာသီဥတုက နည်းနည်းလေးပဲ ဆိုးတာပါ။ သင်္ဘောသားအသစ်တွေ တွေ့ကြုံရတဲ့ အခက်အခဲတွေပါပဲ။ သင်္ဘောသားသစ်ကို သင်္ဘောလိုင်းတွေက သိပ်မခေါ်ကြဘူး။ မခေါ်ကြ တော့ ခေါ်တဲ့လိုင်းကိုပဲ သွားရတာပါ။ အိမ်ကတော့ လွှတ်မှာမဟုတ်တော့ဘူး။ စိတ်အရမ်းပူနေကြတယ်။ နောက်သင်္ဘော မတက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။
စုစည်းတင်ပြသူ- မင်းသစ်
ဓာတ်ပုံ= ဇော်မင်လတ်

 

           

No comments: