Tuesday, April 28, 2015

ငါးဖမ်းလှေပေါ်မှ ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာအလုပ်သမား တစ်ဦး၏ပြောကြားချက်

ထိုင်းငါးဖမ်းစက်လှေပေါ် ရောင်းစားခံခဲ့ရပြီးနောက် လုပ်အားခမရဘဲ တစ်နေ့ ၂၃ နာရီအထိ အလုပ်လုပ်ကိုင်ခဲ့ရသော မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးအနက် ဖခင်ဖြစ်သူ ထွက်ပြေးလွတ်မြောက်လာ

တရားမ၀င် ငါးဖမ်းသင်္ဘောများတွင် အလုပ်လုပ်ရသည့် ရေလုပ်သားများကို ဧပြီလဆန်းပိုင်းက အင်ဒိုနီးရှားနိုင်ငံ၌ တွေ့ရစဉ် (Photo: AFP)
ထိုင်းငါးဖမ်းစက်လှေ တစ်ခုတွင် ရောင်းစားခံရပြီးနောက် လုပ်အားခမရဘဲ တစ်နေ့ ၂၃ နာရီအထိ အလုပ်လုပ်ကိုင်ခဲ့ရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးအနက် ဖခင်ဖြစ်သူ ထွက်ပြေးလွတ်မြောက်လာကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် MWRN မှ သတင်းရရှိသည်။
အဆိုပါ ငါးဖမ်းလှေပေါ်မှ ထွက်ပြေးလွတ်မြောက်လာသည့် မြန်မာအလုပ်သမား တစ်ဦးသည် ဧပြီ ၂၆ ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ  ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN ရုံးသို့  လာရောက်အကူအညီ တောင်းခံခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက မြန်မာပြည်မှ ထိုင်းနိုင်ငံတွင်းသို့ သွားရောက်အလုပ် လုပ်ကိုင်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား သားအဖနှစ်ဦးသည် တစ်ရွာတည်းသားဖြစ်သူက တစ်ဦးလျှင် ဘတ် ၄၀၀၀ နှုန်းဖြင့် ပန်းရောင်ကတ် ပြုလုပ်ပေးကာ လမ်းစရိတ်အဖြစ် ဘတ် ၂၀,၀၀၀ ပေးရမည် ဟုဆိုကာ လှေထဲတွင် အလုပ်လုပ်ရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းအလုပ်သမားနှစ်ဦးသည် လှေပေါ်တွင် အခကြေးငွေမရဘဲ အလုပ်လုပ်ကိုင်နေရသည်မှာ လေးလကျော် ကြာပြီဖြစ်သော်လည်း အကြွေးများ မကျေသေးဟုဆိုကာ နားချိန်မရှိဘဲ တစ်နေ့လျှင် ၂၃ နာရီအထိ အလုပ် လုပ်ကိုင်ကြရကြောင်း ၊ အဆိုပါအလုပ်သမား အနေဖြင့် လှေပေါ်တွင် ရောင်းစားခံရသူ တစ်ဦးအဖြစ် ခံစားရသည့်အတွက်  အသက် (၁၉) နှစ်အရွယ် သားဖြစ်သူကို လှေပေါ်တွင် ထားရစ်ကာ ထွက်ပြေးခဲ့ပြီး ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် MWRN ရုံးသို့ လာရောက်အကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက်၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုစိန်ဌေးက “အခုတော့ လိုအပ် တဲ့ အချက်အလက်တွေကို ယူနေပါတယ်။ သူ့ဘက်က ဘယ်နေရာလဲ၊ လှေရဲ့နံမည်ဘာလဲ ဆိုတာတွေကို မပြောနိုင်ဘူး။ ရောက်တာလည်း မကြာသေးတော့ နေရာကို သေချာမသိဘူးလေ။ လှေဆိပ်ဆိုတာပဲ ပြောနိုင်တယ်။ သူ့သားကလည်း လှေပေါ်မှာ ကျန်ခဲ့တယ်လေ။ ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေရယူပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီးတော့  ကျန်ခဲ့တဲ့သူကို ပြန်လည်ကယ်တင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု  ပြောကြားသည်။
မကြာသေးမီကလည်း အင်ဒိုနီးရှားရှိ မြို့ငယ်တစ်ခုဖြစ်သည့် ဘင်ဂျီနာမြို့ရှိ ငါးဖမ်းလုပ်ငန်းတွင် မြန်မာအပါအ၀င် အလုပ်သမားအများအပြား ကျွန်ပြုခိုင်းစေခံရမှုကို အေပီသတင်းဌာနက ဖော်ထုတ်နိုင်ခဲ့သည်။ အလားတူ ၎င်းတို့သည်လည်း အလွန်ရက်စက်ကြမ်းကြုတ်သော အခြေအနေများအောက်တွင် လုပ်အားခမရဘဲ နာရီ ၂၀ နီးပါး အလုပ်လုပ်ကိုင်ကြရသည်ဟု ဆိုသည်။

Writer: 
နန်းစုနှင်းထွေး
- See more at: http://news-eleven.com/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%91%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%84%E1%80%AB%E1%80%B8%E1%80%96%E1%80%99%E1%80%B9%E1%80%B8%E1%80%85%E1%80%80%E1%80%B9%E1%80%B1%E1%80%9C%E1%80%BD%E1%80%B1%E1%80%95%E1%81%9A-%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%81%E1%80%B6%E1%80%81%E1%80%B2%E1%80%B7%E1%80%9B%E1%81%BF%E1%80%95%E1%80%AE%E1%80%B8%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9-%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8%E1%80%81%E1%80%99%E1%80%9B%E1%80%98%E1%80%B2-%E1%80%90%E1%80%85%E1%80%B9%E1%80%B1%E1%80%94%E1%82%94-%E1%81%82%E1%81%83-%E1%80%94%E1%80%AC%E1%80%9B%E1%80%AE%E1%80%A1%E1%80%91%E1%80%AD#sthash.aOrXxBHI.dpuf

No comments: