Thursday, April 23, 2015

မြန်မာအလုပ်သမားများအား ပြန်လည်ကယ်တင်ပေးရုံသာမကဘဲ အလုပ်သမားများ၏ လုပ်အားခများ ရရှိရေး၊





အင်ဒိုနီးရှား ငါးလုပ်ငန်းဝန်ကြီးဌာနက ဧပြီ ၈ ရက်က ထုတ်ပြန်ခဲ့သည့် အင်ဒိုနီးရှားရှိ ထိုင်းငါးဖမ်းစက်လှေများတွင် အလုပ်လုပ်နေသည့် အလုပ်သမားများ၏ ဓာတ်ပုံ
အင်ဒိုနိးရှားနိုင်ငံ ဘန်ဂျီနာကျွန်းရှိ ထိုင်းငါးဖမ်းစက်လှေများပေါ်တွင် ကျွန်ပြုခိုင်းစေခံရသည့် မြန်မာအလုပ်သမားများအား ပြန်လည်ကယ်တင်ပေးရုံသာမကဘဲ အလုပ်သမားများ၏ လုပ်အားခများ ရရှိရေး၊ ယင်းကိစ္စတွင် ပါဝင်ပတ်သက်သူများကို အရေးယူမှုများ ပြုလုပ်ရန် မြန်မာအစိုးရအား တိုက်တွန်းသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကွန်ရက် (MWRN) မှ ဒါရိုက်တာဖြစ်သူ ကိုစိန်ဌေးက ပြောကြားသည်။




မကြာသေးမီက ယင်းကျွန်းရှိ ငါးဖမ်းစက်လှေပေါ်တွင် လုပ်အားခမရဘဲ ကျွန်ပြုခိုင်းစေခံထားရသူ မြန်မာအလုပ်သမားတစ်ဦး၏ မိခင်သည် သားဖြစ်သူနှင့် အဆက်သွယ်ရရေးအတွက် MWRN သို့ လာရောက် အကူအညီတောင်းခံခဲ့သည်ဟု သိရသည်။

“အစိုးရအနေနဲ့ သူတို့ကို ပြန်လည်ခေါ်ဆောင်လာရုံနဲ့ မပြီးပါဘူး။ နှစ်ရှည်လများ သူတို့ လုပ်ခဲ့တဲ့ လုပ်အားခကို ပြန်လည်ရဖို့ ဆောင်ရွက်ပေးရမယ်။ အဲလို မဟုတ်ဘူးဆိုရင် အဓိပ္ပာယ် မရှိဘူးလေ။ ပြီးတော့ ဒီကိစ္စမှာ ပါဝင်ပတ်သတ်တဲ့သူတွေ၊ လုပ်အားခမပေးဘဲ ကျွန်ပြုခိုင်းစေတဲ့ အလုပ်ရှင်တွေကို အရေးယူဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ရက်မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုစိန်ဌေးက ဆိုသည်။

ထို့ပြင် အဆိုပါ အင်ဒိုနီးရှားရှိ ငါးဖမ်းစက်လှေများတွင် ယခုကဲ့သို့ မြန်မာအလုပ်သမားများ ကျွန်ပြုခိုင်းစေခံရသည်မှာ ကြာပြီဖြစ်ကြောင်း၊ ငါးဖမ်းစက်လှေများပေါ်တွင် ကျွန်ပြုခိုင်းစေခံရသည့် အလုပ်သမားများမှာ ထောင်နှင့်ချီ ရှိနေနိုင်ကြောင်း သိရသည်။

“ဒါတွေက အခုမှ မဟုတ်ဘူး။ အရင်ကတည်းက ဖြစ်နေတာ။ ဒါကို အစိုးရလည်း သိတယ်။ ၂၀၁၃ ခုနှစ်တုန်းကတောင် ၂၀၀ နီးပါးလောက်ကို ပြန်ခေါ်ခဲ့သေးတယ်။ ထိုင်းငါးဖမ်းစက်လှေတွေက အင်ဒိုနီးရှားကျွန်းမှာ လိုင်စင်ခံပြီး အလုပ်လုပ်တယ်။ တစ်ခါတလေ သုံးနှစ်၊ ငါးနှစ်ကြာတယ်။ တချို့တလေတော့ ကမ်းကပ်တဲ့ အချိန်ကျရင် ကျွန်းပေါ်ကို ထွက်ပြေးကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အေပီသတင်းဌာနမှ အဖွဲ့တစ်ဖွဲ့က တစ်နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းရှိ ကျွန်ပြုခိုင်းစေမှုနှင့် လူကုန်ကူးမှုများကို ဖော်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။ အင်ဒိုနီးရှား အရှေ့ဖျားရှိ ကျွန်းနှစ်ကျွန်းကို ခွလျက်တည်ရှိသော မြို့ငယ်တစ်ခုဖြစ်သည့် ဘင်ဂျီနာမြို့ရှိ ငါးဖမ်းလုပ်ငန်း၌ ကျွန်ပြုခိုင်းစေခံရသည့် လက်ရှိအလုပ်သမားများနှင့် အလုပ်သမားဟောင်း ၄၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ပြီး အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်သည်ဟု သိရသည်။

အလုပ်သမား အများအပြားသည် ထိုင်းကပ္ပတိန်များ ဦးစီးသည့် ငါးဖမ်းသင်္ဘောများပေါ်၌ အလွန်အကျွံ ရက်စက်ကြမ်းကြုတ်သည့် အခြေအနေရပ်များအောက်၌ အတင်းအကျပ် ခိုင်းစေခံခဲ့ရပြီး ယင်းတို့ထဲမှ အချို့သည် အလွန်နည်းပါးလှသည့် မဖြစ်စလောက် အခကြေးငွေကိုသာ ရကြကာ အချို့သည် အခကြေးငွေ တစ်ခုံတစ်ရာ မရရှိဘဲ ခိုင်းစေခံခဲ့ရသည်ဟု သိရသည်။  
Writer: 
နန်းစုနှင်းထွေး

No comments: